မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မြောင်းမြ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြောင်းမြခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းသိုက်က မိုးရာသီကာလတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ တီဘီရောဂါနှင့် ခုခံကျ/ကာလသားရောဂါများအကြောင်းအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲအပြီးတွင် ကျောင်းဝန်းအတွင်း၌ ဖုံး၊ သွန်၊ လှပ်၊ စစ်လုပ်ငန်းများ၊ စာသင်ခန်းများအတွင်း ဆေးဖြန်းခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြောင်းမြခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)