ဟင်္သာတမြို့နယ်တွင် ပဆင-ရုံးတောစု-ဆင်မသေ-ဆင်မသေ(မ)-နင်းဂျမ်းဦးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟင်္သာတ ဇူလှိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ပဆင-ရုံးတောစု-ဆင်မသေ-ဆင်မသေ(မ)-နင်းဂျမ်းဦးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ဇူလိုင်လ (၂၄) ရက်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်နိုင်ဝင်းတို့က ဟင်္သာတမြို့နယ်‌ ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Myanmar Land and Development Co.Ltd မှဆောင်ရွက်မည့် ပဆင-ရုံးတောစု-ဆင်မသေ-ဆင်မသေ(မ)-နင်းဂျမ်းဦးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုမှာကြားခဲ့သည်။

အဆိုပါ လမ်းကို တည်ဆောက်ပြီးစီးပါက ပတ်ဝန်းကျင်ရှိ ကျေးရွာ(၅)ရွာနှင့် ဒေသခံပြည်သူများအတွက် သွားလာမှု အဆင်ပြေမည်ဖြစ်ပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့ အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်(ဟင်္သာတ)