ထားဝယ်မြို့၌ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) နည်းပြဆင့်ပွား သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ထားဝယ် ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) နည်းပြဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ထားဝယ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဦးဘုန်းမြတ်သူက ထား၀ယ်ခရိုင် အတွင်းမြို့နယ် အသီးသီးရှိ ကျောင်းများတွင် အေရိုးဗစ်အားကစားနည်းကို စိတ်ပါဝင်စားစွာဖြင့် ပါဝင်ကစားလာစေရန်၊ အေရိုးဗစ်အားကစားနည်းကို လေ့လာလိုက်စား ကစားခြင်းဖြင့် ကျောင်းသား/ကျောင်းသူ လူငယ်/လူရွယ်များ ကျန်းမာကြံ့ခိုင်လာစေရန်၊ အရည်အချင်း ပြည့်ဝသော နည်းစနစ်ကျွမ်းကျင်သူ နည်းပြများပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ် အေရိုးဗစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ မြို့နယ်/ကျောင်းများတွင် မျိုးဆက်သစ်အေရိုးဗစ် အားကစားသမားများ ထွက်ပေါ်လာအောင် အေရိုးဗစ်အားကစားနည်းကိုတိုးတက် လာအောင်ဆက်လက် ဆောင်ရွက်ကြရန်၊  ကျောင်းသား /ကျောင်းသူ လူငယ်၊လူရွယ်များ ကျန်းမာကြံ့ခိုင်ရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုသူများ ဖြစ်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပြီး ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္က ဦးဘုန်းမြတ်သူက သင်တန်းသူ(၁၅)ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်သည်။

ဆက်လက်၍ သင်တန်းသူများက အေရိုးဗစ်အကဖြင့် သရုပ်ပြသရာ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။

ငွေဇင်ယော်(ထားဝယ်)