တောင်ငူမြို့၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကျင်းပ

တောင်ငူ ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ကြီးမှူး၍ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ ​အပြည့်အဝကောက်ခံရရှိစေရန်နှင့် အခွန်ထမ်းပြည်သူများအနေဖြင့် တည်ဆဲဥပဒေများအား နားလည်သဘောပေါက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကိုသိရှိကာ မှန်မှန်ကန်ကန် အခွန်ပေးဆောင်နိုင်စေရန် ရည်ရွယ်၍ တောင်ငူမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းက အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာတွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်ကဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူများအား အမှာစကားပြောကြားရာတွင် မိမိတို့ပေးဆောင်ရသည့်အခွန်ငွေများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် အကျိုးရှိရှိအသုံးပြုလျက်ရှိသောကြောင့် အခွန်ထမ်းပြည်သူများအား အထူးကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်တွင်းအခွန်ဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးအောင်ကပြေစာအပေါ် အခွန်တံဆိပ်ကပ်နှိပ်ရခြင်း၏ ရည်ရွယ်ချက်၊ တိုက်ရိုက်ခွန်နှင့် သွယ်ဝိုက်ခွန်အကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်၏ သဘောသဘာဝနှင့်ဥပဒေများ၊ ပြေစာအပေါ်အခွန်တံဆိပ်ကပ်နှိပ်ရမည့် လုပ်ငန်းအမျိုးအစားများနှင့် သင့်ကုန်သွယ်လုပ်ငန်းခွန်နှုန်းများ၊ မြန်မာနိုင်ငံ၏ အခွန်နှုန်းထားများအား အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများ၏ အခွန်နှုန်းထားများနှင့် နှိုင်းယှဥ်တင်ပြ ဆွေးနွေးပြီး အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး သည်။

အဆိုပါအခမ်းအနားသို့ တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဖြူးမြို့နယ်များမှ စားသောက်ဆိုင် လုပ်ငန်း၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်း၊ ရွှေနှင့် လက်ဝတ်ရတနာရောင်းချသည့်လုပ်ငန်း၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများမှ အခွန်ထမ်းပြည်သူ (၁၅၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

ဇော်ကိုကို (ခရိုင် ပြန်/ဆက်)