ဇီးကုန်း ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင်သည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဇောတိကာရုံစာသင်တိုက်၌ ကျောင်းပြင်ပမူလတန်းပညာရေးသင်ယူနေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ လူမှုရေးဝန်ကြီးမှ ဇောတိကာရုံစာသင်တိုက်၌ ကျောင်းပြင်ပမူလတန်းပညာရေးသင်ယူနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ကျောင်းပြင်ပမူလတန်းပညာရေး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းပြင်ပရောက်နေသော ကလေးများ ပညာရေးစဥ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ပညာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး စာရေးကိရိယာနှင့် စာအုပ်များကို ပေးအပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်၌ ကျောင်းပြင်ပမူလတန်းပညာရေးသင်ကြားမှုကို ဇောတိကာရုံစာသင်တိုက်နှင့် မြို့ဦးစာသင်တိုက်တို့တွင် သင်ကြားပေးလျက်ရှိရာ တက်ရောက်သင်ယူနေသူ (၂၄)ဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရခဲ့သည့် ကလေးငယ်များ တစ်နေ့လျှင် (၂) နာရီခွဲဖြင့် အချိန်ပိုင်းပညာသင်ကြားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)