အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ရေရှည်တည်တံ့ရေး ကြားခံကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများ ထိန်းသိမ်းရန် လိုအပ်ဟုဆို

မုံရွာ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အတွင်း တည်ရှိသည့် အလောင်းတော် ကဿပ အမျိုးသားဥယျာဉ် ရေရှည်တည်တံ့ရေးအတွက် ၎င်းပတ်ဝန်း ကျင်ရှိ ကြားခံသစ်တောကြိုးဝိုင်းများနှင့် ကြိုးပြင်ကာကွယ် တောများကို ထိန်းသိမ်းရန ်လိုအပ်နေပြီဖြစ်ကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မောင်း၏ ပြောကြားချက်အရ သိရသည်။

၎င်းသစ်တောများကို အသုံးချမှုများခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လာသဖြင့် သစ်တောများ ပျက်စီးမှုများ လာခြင်းတို့ကြောင့် ၎င်းသစ်တောများကို ဖြတ်ကျော်ကာ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အတွင်းရှိ တန်ဘိုးရှိသစ်များ တရားမဝင် ခိုးယူမှုများနှင့် တောရိုင်းတိရိစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်မှုများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

“ ရာသီဥတုတွေ ဖောက်ပြန်တဲ့ အတွက် စိုက်ပျိုးရေးလုပ်ငန်းတွေ အဆင်မပြေဖြစ်လာပြီး သစ်တောကို အသုံးချမှုများ လာတယ်၊ အမျိုးသားဥယျာဉ်ရဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ ထိန်းသိမ်းမှုလျော့ရဲသွားမယ် ဆိုရင်တော့ တဖြေးဖြေးနဲ့ ဒီသစ်တောတွေ မရှိတော့ရင် ရာသီဥတုဖောက်ပြန်မှုကို အရင်ဆုံးခံရမှာဖြစ်တယ်၊ နောက်ပိုင်း ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေး ကြပ်တည်းလာတဲ့အတွက် ဒီသစ်တောတွေကိုတက်လာပြီး ရသမျှ သစ်ဥသစ်ဖုတူးမယ်၊ သယံဇာတတွေ ရှာဖွေမယ်၊ အကောင်တွေကို ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်လာမယ်ဆိုရင် ပိုပြီးတော့ထိခိုက် နစ်နာသွားနိုင်ပါတယ်၊ အဲဒိအတွက်ထိခိုက်မှုနည်း ပါးပြီး ရေရှည်တည်တံ့နေစေဘို့ အလောင်း တော်ကဿပ အမျိုးသားဥယျာဉ် ဘေးပတ်ပတ် လည်မှာ တည်ရှိပြီးဖြစ်တဲ့ သစ်တောကြိုးဝိုင်းတွေနဲ့ ကြိုးပြင် ကာကွယ်တောတွေကို အချိန်မီထိန်းသိမ်းဖို့ လိုနေတာ ဖြစ်ပါတယ် ” ဟု အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင် မောင်းက ပြောသည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ဘေးပတ်လည်တွင် တောင်တွင်းကြိုးဝိုင်း၊ ပုထိုးလုံး ကြိုးပြင်ကာကွယ်တော၊ သင်္ဂတုံကြိုးဝိုင်း၊ မြိုင်ကြိုးဝိုင်း၊ ပင်ထောင်ကြိုးဝိုင်း ဆင်ဒုံကြိုးဝိုင်းနှင့် ကွင်းဇဲကြိုးဝိုင်းတို့ ရှိကြောင်းသိရသည်။

ဝင်းဦး(ဇေယျာတိုင်း)