မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး ဇူလိုင် ၂၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ စစ်ကြောင်းမှူးမှ ဦးဆောင်ကာ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အားကစားသမားများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား စစ်ကြောင်းပုံချီတက်၍ အလေးပြုကာ၊ အားကစားကွင်းအတွင်း နေရာယူခဲ့ပြီး စစ်ကြောင်းမှူးက တန်းအပ်သတင်းပို့ခြင်း ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနား အမှာစကားပြောကြားရာတွင် ယခု ဘောလုံးပြိုင်ပွဲကို အခြေခံပညာကျောင်းများမှ (၁၅) သင်း ပါဝင်ယှဉ်ပြိုင်ပြီး ကိုယ်ပိုင်ကျောင်းများမှ (၁၄) သင်း ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျင်းပပြုလုပ်တဲ့ နေပြည်တော် ကျောင်းသားအားကစားပွဲတော်မှာ မကွေးတိုင်းဒေသကြီး ကျောင်းသား အားကစားအဖွဲ့ဟာ ရွှေ၊ ငွေ၊ ကြေး အများဆုံးနဲ့ ထိပ်ဆုံးက ရပ်တည်ပြီး တစ်နိုင်ငံလုံးမှာ ပထမဆု ရရှိခဲ့ပါကြောင်း၊ ဒါကြောင့် မကွေးတိုင်းဂုဏ်ဆောင် အားကစားသမားများကိုလည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများလည်း ချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ အစဉ်အလာကောင်းများ ဆက်လက် ထိန်းသိမ်းသွားနိုင်ရန်အတွက် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင် အဆင့်၊ တိုင်းအဆင့် ပြိုင်ပွဲများကျင်းပပြီး မကွေးတိုင်းဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်သွားရန် လိုအပ်ပါကြောင်း၊ အားကစား နည်း(၇)မျိုး သွားရောက်ယှဉ်ပြိုင်ရာမှာ ပြေးခုန်ပစ်အားကစားနည်းဟာ ရွှေ၊ ငွေ၊ ကြေး အများဆုံး ဆွတ်ခူးနိုင်ခဲ့တာကြောင့် သက်တမ်းအလိုက် အားကစားသမားများကိုလည်း အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် မွေးထုတ်ပေးသွားရမှာဖြစ်ပါကြောင်း၊ ကျောင်းသား အားကစားပြိုင်ပွဲများမှ တစ်ဆင့် နိုင်ငံကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာ စေရေးအတွက် မကွေးတိုင်းအတွင်းမှာရှိတဲ့ ကျောင်းများမှ အားကစားစီမံချက်များရေးဆွဲ၍ အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ပြောင်းလဲနေသော ပညာရေး သဘောတရားများအရ ကျောင်သားလူငယ်များအနေနဲ့ ကျောင်းစာတွေကိုသာ သင်အံကျက်မှတ်ရုံနဲ့ မပြည့်စုံနိုင်တဲ့အတွက် လူငယ်ဘဝမှာ စိတ်ဝင်စားတဲ့ အားကစားနည်းများကို ပါဝင်လှုပ်ရှားနေရန် လိုအပ်ကြောင်း၊ ယခုလို ကျောင်းသား အားကစားပွဲ ပြုလုပ်ပေးခြင်းဖြင့် အခြေခံပညာကျောင်းတိုင်းတွင် အားကစားပြိုင်ပွဲများ အဆင့်ဆင့် ကျင်းပခွင့်ရရှိပြီး ကျောင်းသား၊ ကျောင်းသူများပါဝင် လှုပ်ရှားနိုင်ကာ ရွက်ပုန်းသီး အားကစားသမားများကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ အားကစားရဲ့ အသီးအပွင့်များကို ရရှိခံစားနိုင်ရန်အတွက် အားကစားဝါသနာကို အခြေခံမှစ၍ မြေတောင်မြှောက်ပေးရန်လိုအပ်ကြောင်း၊ အားကစား ထူးချွန်လျှင် မိမိဂုဏ် သည်သာမက၊ မိမိကျောင်း၊ မိမိတိုင်းဒေသကြီးသာမက၊ မိမိနိုင်ငံအတွက်ပါ တိုးတက်မည်ဖြစ်ပါကြောင်းနှင့် အားကစားလှုပ်ရှားမှုဖြင့်သာ ကျန်းမာကြံ့ခိုင်သောကိုယ်၊ တက်ကြွ ရွှင်လန်းသောစိတ်နှင့် အနာဂတ်နိုင်ငံတော်ရဲ့ တာဝန်များကို ဖြောင့်ဖြူးကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် အားကစား သမားများက သစ္စာအဓိဋ္ဌာန် (၄) ချက်အား ရွတ်ဆိုကာ၊ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူလေးများက အားကစားတေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအတွက် အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို စတင်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို (၂၅-၇-၂၀၂၅) ရက်နေ့မှ (၁၁-၈-၂၀၂၅) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ