မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အနန္တစေတနာဖောင်ဒေးရှင်း(ရန်ကုန်)၏ စက္ခုအလင်းဒါနကုသိုလ်ပြုအစီအစဉ်ဖြင့် မျက်စိအတွင်းတိမ်လူနာများအား ဒုတိယအကြိမ် ခွဲစိတ်ကုသမှု အောင်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး ဇူလိုင် ၂၅

အနန္တစေတနာဖောင်ဒေးရှင်း(ရန်ကုန်)၏ စက္ခုအလင်းဒါနကုသိုလ်ပြုအစီအစဉ်ဖြင့် မျက်စိအတွင်းတိမ်လူနာများအား ဒုတိယအကြိမ် ခွဲစိတ်ကုသမှု အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပရာ သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ အနန္တစေတနာဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ သင်ကြားရေးဆေးရုံကြီး(မကွေး)၊ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့နှင့် ပြည်သူ့ဆေးရုံကြီး၊ မင်းဘူးမြို့တို့မှ ဆေးရုံအုပ်ကြီးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။        

ဦးစွာ တက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ (၃)ကြိမ်ရွက်ဆို ပူဇော်၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားရာတွင် အနန္တစေတနာဖောင်ဒေးရှင်း(ရန်ကုန်)က စက္ခုအလင်းဒါန ကုသိုလ်ပြုအစီအစဉ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းမှာရှိသည့် မျက်စိအတွင်းတိမ်လူနာတွေကို သင်ကြားရေးဆေးရုံကြီး(မကွေး)၊ မကွေးပြည်သူ့ဆေးရုံကြီးနှင့် မင်းဘူးပြည်သူ့ဆေးရုံကြီးတွေမှာ ပထမအကြိမ်အဖြစ် ၂၀၂၅-ခုနှစ် မတ်လမှာလည်းကောင်း၊ ယခုဒုတိယအကြိမ်ကို ၂၀၂၅-ခုနှစ် ဇွန်လနှင့် ဇူလိုင်လမှာလည်းကောင်း၊ ကုသိုလ်ပြုခွဲစိတ်ကုသပေးနိုင်ပြီး ယနေ့တွင် ဒုတိယအကြိမ်ကို အောင်ပွဲပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း၊ ပထမအကြိမ်ဆောင်ရွက်သည့် နေရာမှာ သင်ကြားရေးဆေးရုံကြီး(မကွေး)မှာ (၇၄)ဦး၊ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှာ (၇၉) ဦးနှင့် ပြည်သူ့ဆေးရုံကြီး၊ မင်းဘူးမှာ (၁၀၁)ဦး စုစုပေါင်း (၂၅၄) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်ဆောင်ရွက်သည့်နေရာတွင် သင်ကြားရေးဆေးရုံကြီး(မကွေး)မှာ (၁၀၉) ဦး၊ ပြည်သူ့ဆေးရုံကြီး(မကွေးမြို့)မှာ (၁၁၈)ဦးနှင့် ပြည်သူ့ဆေးရုံကြီး(မင်းဘူးမြို့)မှာ (၁၅၂) ဦး၊ စုစုပေါင်း (၃၇၉)ဦးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုလို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဩဝါဒပေးခဲ့ပါသော သဲဖြူနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတအား အထူးကျေးဇူးတင်ရှိပါကြောင်း ရိုသေစွာဦးခိုက် လျှောက်ထားအပ်ပါကြောင်း၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် (၂)ကြိမ်ပေါင်း (၆၃၃)ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးဖြစ်သည့်အတွက် အလှူရှင်အနန္တစေတနာဖောင်ဒေးရှင်းနဲ့နှင့်အတူ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်နှင့် အညီ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြသည့် သင်ကြားရေးဆေးရုံးကြီး(မကွေး)၊ ပြည်သူ့ဆေးရုံကြီး(မကွေးမြို့)နှင့် ပြည်သူ့ဆေးရုံကြီး၊ မင်းဘူးမြို့က တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မျက်စိဝေဒနာရှင်တွေကို သွားရေး၊ လာရေး၊ စားရေး၊ သောက်ရေးကအစ လိုအပ်ချက်မရှိအောင် ကုသိုလ်ပြုထောက်ပံ့ပေးသည့် ဖောင်းဒေရှင်းကိုလည်း ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းက မျက်စိဝေဒနာရှင်များ၏ ကျန်းမာရေးကို ရှေးရှုလို့ ဆရာတော်ကြီး၏ဩဝါဒကိုခံယူပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် အနန္တစေတနာဖောင်ဒေးရှင်းအား အနာဂတ်မှာတွင်လည်း ယခုလို လှူဒါန်းမှုမျိုးတွေ များစွာပြုလုပ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်းမှာ မှီတင်းနေထိုင်ကြသည့် ပြည်သူ့များ၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် ဆောင်ရွက်လို့ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် ကြိုဆိုပါကြောင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သော သင်ကြားရေးဆေးရုံးကြီး(မကွေး)၊ ပြည်သူ့ဆေးရုံကြီး (မကွေးမြို့)နှင့် ပြည်သူ့ဆေးရုံကြီး၊ မင်းဘူးမြို့တို့မှ ဆေးရုံအုပ်ကြီးများထံ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး သဲဖြူနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာဇောတမှ ပြည်သူ့ဆေးရုံကြီး(မကွေး)တွင် အထွေထွေအသုံးပြုနိုင်ရန် အလှူငွေ ကျပ်သိန်းတစ်ရာ လှူဒါန်းခြင်းနှင့် အနန္တစေတနာဖောင်ဒေးရှင်းမှ ဆရာတော်ကြီးအား လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ သဲဖြူနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတထံမှ အနုမောဒနာတရာတော်များ နာယူကြည်ညိုခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတမ်းများပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွက်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် သဲဖြူနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာဇောတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းပြည်သူဆေးရုံကြီး မျက်စိခွဲစိတ်ကုသဆောင်သို့သွားရောက်၍ စက္ခုအလင်း၊ သွားနှင့် ခံတွင်း ကျန်းမာရေးကုသိုလ်ပြု အလှူတော်မင်္ဂလာအဖြစ် အခမဲ့ ခွဲစိတ်၊ ဆေးကုသပေးသည့် လူနာများအား တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ မျက်မှန်နှင့် ဆေးဝါးများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ