ဒေးဒရဲ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် အပတ်စဥ်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာအသီးသီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပြည်သူများတင်ပြလာသည့် အခက်အခဲများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားများဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများတင်ပြလာသည့် အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများအား အပတ်စဥ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း