ထားဝယ် ဇူလိုင် ၂၅
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် အ-ထ-က(၂)မှ ကျောင်းသား၊ ကျောင်းသူများက “လှလိုက်တဲ့တနင်္သာရီ” သီချင်းဖြင့် အကပြ ခြင်း၊ မုဒိတာကိုယ်ပိုင်အထက်တန်းကျောင်းမှ တိုင်းရင်းသားရိုးရာအကဖြင့် ကပြခြင်းနှင့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့က တီးမှုတ်ကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲ၊အလယ်တန်း အဆင့်စာစီစာကုံး ပြိုင်ပွဲများ၊ အလယ်တန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲများ၊ ပျော်ပွဲ ရွှင်ပွဲအနေဖြင့်ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အထပ်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ အလယ်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်း လှည့်ကစားနည်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ ကျောင်းသုံး ဗလာစာအုပ်များပေးအပ်ကြသည်။
ယနေ့ကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ မုဒိတာကိုယ်ပိုင် အထက်တန်းကျောင်း၊ မဟာအောင်ထူးချွန်ကိုယ်ပိုင် အလယ်တန်းကျောင်း၊ ရတနာရင်သွေးကိုယ်ပိုင် မူလတန်းကျောင်း၊ Pole Star ကိုယ်ပိုင်မူလတန်းကျောင်း စသည့်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀၀) ဦးခန့်တက်ရောက်ကြပြီးပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီးပြိုင်ပွဲများတွင် ပျော်ပျော်ရွှင်ရွင် ပါဝင်ဆင်နွှဲကြသည့်ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို ဇူလိုင် ၂၆ ရက်နေ့တွင် ဆုများပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)