ကြံခင်းမြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကြံခင်း ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ မြို့ဖများ၊ အလှူရှင်များ ကြွရောက်ချီးမြှင့်ကြသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယမထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် ပင့်သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်ဒေသနာတော်များ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်တော်မှုကြသည်။ မြို့နယ်စီမံ အုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က သာသနာရေးဆိုင်ရာများအား လျှောက်ထားတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်ဇနီး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသောင်းထွဋ်လွင်နှင့်ဇနီး၊ (အတွင်းရေးမှူး) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့်ဇနီး၊ အဖွဲ့ဝင်(၂) ဦးကျော်ကျော်၊ အဖွဲ့ဝင်(၃) မြို့နယ်လဝကမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများထံ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး (၃၅) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအတွက် ကထိန်လျာသင်္ကန်းဆက်ကပ်နိုင်ရန် ကျောင်းတိုက်များအား မဲချရွေးချယ်သတ်မှတ်ပြီး မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အနုမောဒနာ တရား နာယူကာ ရေစက်သွန်းချ အမျှအတန်းပေးဝေကြကာ အခမ်းနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။ ယင်းနောက်မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော် ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားသို့ တက်ရောက်ကြသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် တည်းခင်းဧည့်ခံခဲ့ကြကြောင်း သိရ သည်။

ဖြိုးဝေလင်း(ပြန်/ဆက်)