မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

မြောင်းမြ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ(၂)ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၇း၀၀) နာရီအချိန်က အောင်ဆန်းလမ်းနှင့် (၇)လမ်းဒေါင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဘဲဥများအား မြောင်းမြခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီမှ စျေးရောင်းအဖွဲ့(၅)ဖွဲ့အား ဖွဲ့စည်းတာဝန်းပေး၍ မိမိတို့ တာဝန်ကျသည့်နေ့တွင် ဆန်-သီးထပ်ရင် တစ်ပြည်လျှင် (၂၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် (၆၈၀၀)  ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် (၃၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဘဲဥတစ်လုံးလျှင် (၄၃၀) ကျပ်နှုန်းဖြင့်လည်းကောင်း မူလစျေးနှုန်း အောက်လျှော့ချ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များအား ယနေ့ ဇူလိုင်လ (၂၅) ရက်နေ့တွင် မြောင်းမြခရိုင်/မြို့နယ် စီမံကိန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် အခွန်ဦးစီးဌာနစျေးရောင်းအဖွဲ့တို့မှ ဆန် (၄၀) အိတ်၊ စားအုန်းဆီ (၁၁၀) ပိဿာ၊ ကြက်ဥ (၁၅၀၀) လုံးနှင့် ဘဲဥ(၃၀၀) လုံးတို့အား  စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)