သာယာဝတီ ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ)ကျောင်းခန်းမ၌ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်က အမှာစကားပြောကြားပြီး သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကျောင်းသား/ ကျောင်းသူများ စာပေဖတ်သည့် အလေ့အကျင့်များရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း(သာယဝတီ)မှ ကျောင်းသား/ ကျောင်သူ(၁၄)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်းနှင့် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် သဘာဝဘေးအသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)