မင်းဘူး(စကု)မြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ကတ်များ ပြုလုပ်ပေး

မင်းဘူး ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် UID  (Unique Identity)ကတ်များ ပြုလုပ်ပေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား နိုင်ငံ့ဝန်ထမ်း အငြိမ်းစား လူဦးရေပေါင်း ၃၁၅၁ ဦးက ပင်စင်လစာများ လစဉ်လာရောက်ထုတ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရန် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက အဆိုပါ ပင်စင်စား အငြိမ်းဝန်ထမ်းများအား Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်းနှင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်၍ UID ကတ်များ ချက်ခြင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။

မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ပင်စင်လာရောက် ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ကျန်ရှိနေသည့် UID  (Unique Identity) ကတ် မပြုလုပ်ရသေးသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ မိဘပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)