သရက်မြို့၌ ကျောင်းကျန်းမာရေးကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ကျန်းမာရေး ဟောပြောပွဲကျင်းပ

သရက် ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာမူလတန်း (အ.မ.က) အနောက်ရပ်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းရေးမှူး (၂) ဦးမင်းနိုင်နှင့် သားဖွားဆရာမ ဒေါ်ဇင်မွန်သက်တို့က ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန် သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံ အိမ်သာ သုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ အကြောင်းကို ဟောပြောပေးခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး တစ်ဦးချင်း ကျောင်းကျန်းမာရေး မှတ်တမ်းကတ်များ ရေးသွင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် သွားဆရာဝန်က ကျောင်းသား/ကျောင်းသူများအား သွားကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး သွားနှုတ်ရန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သွားများနုတ်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)