ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်

ငဖဲ ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ကလောင်စုံရေးသားသည့် “လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး”စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က စာအုပ်စာပေများလေ့လာဖတ်ရှုပြီး ပြန်လည်ဆွေးနွေးပြောကြားသည့် အလေ့အထဖြစ်ပေါ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး Grade-10 ကျောင်းသား မောင်အောင်ဇော်ဦးက စာရေးဆရာဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ကလောင်စုံရေးသားသည့် “လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး”စာအုပ်မှ ယဉ်ကျေးမှုဆိုသည်မှာ ဖက်ရှင်ဝတ်စားဆင်ယင်ပုံတစ်ခုတည်းမဟုတ်ပါ၊ အနုပညာ၊ အသိအမြင်၊ အတွေးအကြံအားလုံးပြောင်းလဲရေးပင်ဖြစ်ကြောင်း၊ သို့မှသာ မြန်မာလူငယ်များကမ္ဘာ့အလယ်ထိုးဖောက်ရပ်တည်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် Grade- 10 ကျောင်းသူ မအေးအေးခိုင်က လူငယ်များမွေးဖွားကြီးပြင်းခဲ့ရသော လူအဖွဲ့အစည်းတွင် နှစ်ပေါင်းများစွာ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုလည်းရှိ၊ နေလိုလလို ထွန်းကားသော ဗုဒ္ဓဘုရားရှင်၏အဆုံးအမများ လွှမ်းမိုးရာအရပ်ဖြစ်လေရာ ထိုအရာများက လူငယ်တို့၏ယဉ်ကျေးမှု လမ်းမှားမရောက်ရအောင် ကောင်းစွာထိန်းကွပ်နိုင်မည်ဖြစ်ကြောင်း ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက ယဉ်ကျေးမှုစံနှုန်းမြှင့်ကြရအောင် ခေါင်းစဉ်များဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)