ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပေါက်ခေါင်း ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို မြို့နယ်ပြည်သူ့ဆေးရုံ၊ သံဃာဆောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးချိုရောဂါ စစ်ဆေးပေးခြင်း၊ ECG စက်ဖြင့် နှလုံးခုန်နှုန်းစစ်ဆေးပေးခြင်း၊ ရောဂါရှာဖွေပေးခြင်းနှင့် အထွေထွေရောဂါများ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ရောဂါတွေ့ရှိမှုအပေါ် ဆေးဝါးများကို တစ်လစာ အခမဲ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို လစဉ်(၂၁)ရက်နေ့တိုင်း ပေါက်ခေါင်းမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ကုသပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)