ဖြူးမြို့နယ်၌ “နေလူထုကျန်းမာရေးအဖွဲ့”မှ ရွေ့လျားဆေးခန်းဖွင့်လှစ်၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေး

ဖြူး ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ  ဒေသခံပြည်သူများအား (Sun Community Health) "နေလူထုကျန်းမာရေးအဖွဲ့"မှ ရွေ့လျားဆေးခန်းဖွင့်လှစ်ပြီး အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဇူလိုင် ၂၃ ရက်နံနက်ပိုင်းက စတင်ကာ မြို့ထောင့်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ စုရပ်ထား၍ ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ရွေ့လျားဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် ဒေါက်တာကျော်သူရ ဦးဆောင်ပြီး ဆရာဝန်များ၊ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဆရာ၊ ဆရာမများက နို့တိုက်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ အဆစ်အမြစ်နာရောဂါ၊ အရေပြားရောဂါ၊ အခြားအထွေထွေရောဂါများ ကုသမှုပေးကြပြီး လိုအပ်သည့်ဆေးဝါးများ တိုက်ကျွေးပေးခြင်း၊ NUVO ကျန်းမာရေးဆပ်ပြာ၊ ECPO Spray ဘူး၊ မုန့်နှင့် အချိုရည်များ ပေးဝေခြင်းများ ဆောင်ရွက်ပေးကြသည်။

အဆိုပါ “နေလူထုကျန်းမာရေးအဖွဲ့”သည် ဖြူးမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာမျာအလိုက်ခွဲ၍ ကျန်းမာရေးစောင့်ရှောက်ပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)