ကျိုက်လတ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေး

ကျိုက်လတ် ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက   မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းကမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များ၌ ရောင်းချနေသော ကုန်ပစ္စည်း များတွင်  စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်စည်အညွှန်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာဖြင့် တွဲလျက်ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော အချက်(၇)ချက်ကို လိုက်နာကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အလှကုန်ဆိုင်၊ ကုန်မျိုးစုံဆိုင်၊ စတိုးဆိုင်များအား အလှည့်ကျကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဉီးစီးဌာနမှ သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)