သာယာဝတီ ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဒေသနေပြည်သူများနှင့်ကလေးသူငယ်များ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီက သာယဝတီမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ) ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာက မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားစုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန်၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအားဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်ဟူသည့် ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃)ရပ်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ ပြစ်မှုများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ဥပဒေအရာရှိ ဦးမြင့်စိုးက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သော ဥပဒေအကြောင်းအရာများအား ဟောပြောခဲ့သည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ၊ ထားဝယ်၊ ကျောက်တော်) ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)