ကျောင်းကုန်း ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ အပူပိုင်းမုန်တိုင်း"ဝီဖာ"၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းသဖြင့် ဒါးကမြစ်ရေ မြင့်တက်လာခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့မဈေး၏ သားငါးတန်းအတွင်းသို့ ရေစတင်နစ်မြုပ်နေပြီး၊ စိုးရိမ်ရေအမှတ်သို့ရောက် ရန်(၂)ပေသာ လိုတော့သည်။
ယနေ့နံနက်ပိုင်းတွင် ဒါးကမြစ်ရေသည် (၁၅)ပေနီးပါးသို့ ရောက်ရှိနေပြီဖြစ်ရာ အနိမ့်ပိုင်းနေအိမ်များသို့ ရေစတင်ဝင်ရောက်လျက်ရှိသည်။ ကျောင်းကုန်းမြို့၏ စိုးရိမ်ရေအမှတ်မှာ (၁၇)ပေဖြစ်ရာ (၂)ပေခန့်သာလိုကြောင်းနှင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှစ၍ မြစ်ရေမကြီးသည်မှာ (၇)နှစ်ခန့်ဖြစ်ပြီး၊ မနှစ်ကမှ မြစ်ရေပြန်လည်မြင့်တက်လာခဲ့သည်။ ယခုရက်ပိုင်းအတွင်း အပူပိုင်းမုန်တိုင်း"ဝီဖာ"အရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိပြီး၊ မြစ်ရေကြီးနိုင်သဖြင့် ရေလွတ်ရာကယ်ဆယ်ရေးစခန်းများဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့နေကြဖို့ တိုက်တွန်းထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)