ပုသိမ် ဇူလိုင် ၂၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ အားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းအသီးသီးတွင် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ အားကစားနည်းများအလိုက် ဘာသာရပ်ပေါင်းစုံပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် တက္ကသိုလ်များ၏ အားကစားအဆင့်အတန်းသည်လည်း ပိုမိုတိုးတက်မြင့်မားလာမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲများမှတဆင့် တက္ကသိုလ်ဂုဏ်ဆောင်၊ တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများလည်း များစွာပေါ်ထွက်လာပြီဖြစ်ပါကြောင်း၊ တက္ကသိုလ် လက်ရွေးစင်အားကစားသမားများမှတဆင့် နိုင်ငံတကာတက္ကသိုလ်ပြိုင်ပွဲများအထိ သွားရောက်ယှဉ်ပြိုင်နေကြသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုရက်ပိုင်းအတွင်း ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကိုလည်း မြောင်းမြမြို့တွင် အောင်မြင်စွာကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများအနေဖြင့် ယခုပြိုင်ပွဲကတဆင့် တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်း” တိုက်တွန်းပြောကြားကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲကိုဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများအား ချီးမြှင့်ငွေများနှင့် ဖူဆယ်ဘောလုံးများပေးအပ်ခဲ့ရာ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြန်မာစာအသင်းနှင့် ဓာတုဗေဒအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲအား ပုသိမ်တက္ကသိုလ်တွင်ရှိသည့် ဘာသာရပ်အသီးသီးမှ အမျိုးသားအားကစားအသင်း (၁၄)သင်းနှင့် အမျိုးသမီးအားကစားအသင်း (၃) သင်းတို့သည် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ယခုလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)