မြဝတီ ဇူလိုင် ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိ၍ မြေနိမ့်ပိုင်းနှင့် မြစ်နှင့်နီးသောရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူ (၄၇၃၆) ဦးတို့သည် ယာယီရေဘေး ကယ်ဆယ်ရေးစခန်း (၈) ခုတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
မြဝတီမြို့ရှိ ရေဘေးသင့်ပြည်သူများ ပြောင်းရွှေ့နေထိုင်အဆင်ပြေစေရန်အတွက် ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ကြီးကြပ်မှုဖြင့်ရှာဖွေ/ကယ်ဆယ်ရေးစုရပ် (၅) ခု ကြိုတင်စုဖွဲ့ထားပြီး ကယ်ဆယ်ရေးစခန်း (၁၁) ခု ကြိုတင်ပြင်ဆင်ထားရှိကာ အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းကော်မတီဝင်များ၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့်အရေးပေါ် အမိုး၊ အကာထူထောင်ရေးလုပ်ငန်းကော်မတီဝင်များ၊ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီဝင်များ၊ လုံခြုံရေးလုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတနှင့်လူမှုကူညီရေးအသင်းများမှ အချိန်နှင့်တစ်ပြေးညီအုပ်ချုပ်မှု၊ ထောက်ပံ့မှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိကြသည်။
အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၁၁) ခု ဖွင့်လှစ်ထားရှိခဲ့ရာမှ အမှတ် (၃) ရပ်ကွက်ရှိ ဓိဌာန်အောင်ဘုန်းကြီးကျောင်း၊ ဓမ္မရန်အောင်ဘုန်းကြီးကျောင်း၊ အမှတ်(၄) ရပ်ကွက်ရှိ၊ ကြခတ္တ တောဘုန်းကြီးကျောင်း၊ တောရဘုန်းကြီးကျောင်းနှင့် ဟေမာန်ဦး ဘုန်းကြီးကျောင်း၊ အမှတ် (၅) ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်း၊ ရေပူတောင်ပေါ်ကျောင်းနှင့် ဖားခြောက်ကောင် ဘုန်းကြီးကျောင်းစသည့် ကယ်ဆယ်ရေး စခန်း (၈) ခုတွင် ဇူလိုင်လ ၂၄ ရက်နေ့အထိ အိမ်ထောင်စု (၁၁၇၉) စု၊ ကျား (၂၃၇၈) ဦး၊ မ(၂၃၅၈) ဦး၊ စုစုပေါင်း (၄၇၃၆) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း ဦးဆောင်၍ တာဝန်ရှိသူများနှင့်အလှူရှင်များမှ လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများ၊ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကြက်သွန်နီ၊ ဆပ်ပြာ၊ ဆား၊ အချိုမှုန့် စသည့် စားသုံးကုန်ပစ္စည်းများအပြင် ထမင်းဘူးများအား ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)