ဆင်ပေါင်ဝဲ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ဦးစီးအရာရှိ ဒေါ်သီရိလွင်က မဲပေးစက်များစစ်ဆေးခြင်းအကြောင်းအရာများ၊ ရွေးကောက်ပွဲရက်မတိုင်ခင် မဲရုံ၌ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ၊ မဲရုံဖွင့်ချိန် မဲပေးချိန်နှင့် မဲရုံပိတ်ချိန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့် (MEVM) ကိုင်တွယ်အသုံးပြုနည်းကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
ယခုသင်တန်းတွင် အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင်မဲပေးစက်များကြိုတင်ပြင်ဆင်ခြင်းနှင့်စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင်မဲပေးစက်များကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန်အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါကဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများရေတွက်ရမည့်အခြေအနေစသည့် အကြောင်းအရာများကို စာတွေ့/လက်တွေ့ စနစ်တကျသင်ကြားပို့ချသွားမည် ဖြစ်သည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို ဇူလိုင်လ(၂၅)ရက်မှ (၃၁)ရက်နေ့အထိဖွင့်လှစ်၍ မဲရုံတွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာများ စုစုပေါင်း (၂၇၀)ဦးအား သင်တန်းဆရာ(၁၀)ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)