တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ပုသိမ် ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၅)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှုကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် မိုးစပါး၊ နွေစပါးဧက(၅၂)သိန်းကျော်နှင့် ပဲမျိုးစုံဧက(၁၆)သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ တစ်ဧကအထွက်နှုန်းများ တိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအား အကျိုးအမြတ်ရှိစေရန် ဆောင်ရွက်ပေးနေသကဲ့သို့ ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့အနေဖြင့်လည်း Contract Farming စနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများတွင် ဆန်စက်ကိုအခြေခံသည့် လုပ်ငန်းများလည်းပါဝင်ပြီး အဆင့်မြင့် ဆန်စက်များဖြင့် အရည်အသွေးကောင်းသည့် ပေါင်းဆန်များ ထုတ်လုပ်တင်ပို့လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ် နိုင်ရေး၊ ပို့ကုန်နှစ်ဆတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပလုပ်ငန်းများကို ဖိတ်ခေါ်လျက်ရှိပြီး ရင်းနှီးမြုပ်နှံမည့်လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရင်းနှီးမြုပ်နှံသူများအနေဖြင့်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍  ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်းနှင့်ဆန်မှုန့်၊ ပဲမှုန့်အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့်  ဆန်စပါးကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့်ကုမ္ပဏီမှ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန်ကိစ္စရပ်များကို တာဝန်ရှိသူအသီးသီးက ရှင်းလင်းတင်ပြခဲ့ကြသည်။  ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)