ပဲခူး ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မျက်စိခွဲစိတ်ကုသပေးခြင်းကို ဇူလိုင်လ(၂၂)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး မျက်စိဝေဒနာရှင်များနှင့် ဆေးရုံစောင့်လူနာများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ လာရောက်ပြသသည့် မျက်စိဝေဒနာရှင် ဆရာတော်ကြီးများနှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး မျက်စိဝေဒနာရှင်လူပုဂ္ဂိုလ်များအား နေ့လယ်စာကျွေးမွေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်သို့ရောက်ရှိခဲ့ပြီး မျက်စိခွဲစိတ်ကုသမှုခံယူထားသည့် ဆရာတော်ကြီး(၆)ပါးနှင့် သီရှင်(၁)ပါးတို့အား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ဆေးမျက်မှန်တို့အားလည်းကောင်း၊ လူပုဂ္ဂိုလ်(၃၇)ဦးအတွက် ကြက်ဥ၊ အာဟာရမုန့်နှင့် ဆေးမျက်မှန်တို့အားလည်းကောင်းတပ်ဆင်ပေးအပ်ခဲ့ပြီး ခွဲစိတ်ကုသပေးခဲ့သည့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်(၁၂၉)ဦး လာရောက်ပြသခဲ့ပြီး ၎င်းတို့အနက်မှ အတွင်းတိမ်နှင့် ရေတိမ်မျက်စိဝေဒနာရှင်(၄၄)ဦးအား မျက်စိအလင်းပြန်လည်ရရှိအောင် ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)