မင်းလှမြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ဆိုင်ရာ အသိပေးနှိုးဆော်

အထက်မင်းလှ ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလှည့်လည်နှိုးဆော်မှုကို ယမန်နေ့ ညနေ ၄ နာရီက မင်းလှမြို့ပေါ်ရှိ အမှတ်(၁၊ ၂၊ ၃) မြစ်ကမ်းဘေးရပ်ကွက်(၃)ခုနှင့် ရွာတော်ကျေးရွာရှိ ဓမ္မာရုံများ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပညာပေးလှည့်လည်နှိုးဆော်ရာတွင် အများပြည်သူတို့ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်၏ နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ မြေပြိုဘေး၊ လေပြင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှဝန်ထမ်းများပူးပေါင်း၍  ဓမ္မာရုံများတွင် အသံချဲစက်ဖြင့် နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)