ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ ဇူလိုင် ၂၅

၂၀၂၅ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့်ဖာပွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်အသင်းက ၇ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ပွဲစဉ်တစ်လျှောက်ဂိုးသွင်းအများဆုံး အားကစားသမားဆု၊ ဂိုးသမား အကောင်းဆုံးဆု၊ အကောင်းဆုံးအားကစားသမားဆု ရရှိကြသော အားကစားသမားများနှင့် တတိယဆုရရှိသော သံတောင်ကြီးမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော ဖာပွန်မြို့နယ်အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့် ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်း လည်ဆွဲဆု၊ ငွေသားဆု (၁၀ )သိန်းကျပ်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဆုရရှိကြသော အားကစား သမားများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ရှိ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် အထူးနေ့လယ်စာကို သုံးဆောင်ကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ရွေးချယ်ထားသည့် ဘာသာရပ်အသီးသီးတွင် သက်ဆိုင်ရာပညာရပ်များကိုကြိုးစားသင်ယူ၍ ပြောင်းလဲတိုးတက်နေသည့်နည်းပညာရပ်များကို အမြဲမပြတ်လေ့လာ ဆည်းပူးရင်း ထူးချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလို ကြောင်းပြောကြားပြီး အထူးနေ့လယ်စာအတွက် ငွေကျပ်ခုနှစ်သိန်းနှစ်ထောင့်ငါးရာကျပ်ကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း(ဘားအံ)မှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့်အတူ အထူးနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းနှီးနွေးထွေးစွာ လိုက်လံတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)