ချောက် ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက်၂၀၂၅ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရသစ်ကျေးရွာအုပ်စုရှိ ရသစ်၊ မကျီးစောက်(ရှေ့)(နောက်)၊ အလယ်ရွာ၊ ပုဂံစုရွာသစ်ကျေးရွာများမှတောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ငွေကျပ် ၁၀၀ လျှင် တစ်နှစ်လုံးအတွက် အတိုး ၅ ရာခိုင်နှုန်းဖြင့် မေ ၁၉ ရက်နေ့စ၍ ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူတစ်ဦးလျှင် စိုက်ပျိုးမြေဧက ၁၀ ဧကအထိ ထုတ်ချေးပေးလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် အတိုးအရင်းပေါင်း၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ စပါးတစ်ဧကလျင်ငွေကျပ် ၁၅၀,၀၀၀ နှုန်းနှင့် အခြားသီးနှံမြေပဲ၊ နှမ်း၊ ပဲစိမ်းငုံ၊ တစ်ဧကလျှင် ငွေကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ရသစ်ကျေးရွာအုပ်စုရှိ ကျေးရွာ(၆) ရွာမှ တောင်သူဦးရေ(၂၃၁)ဦး မြေပဲဧကပေါင်း(၁၂၇၆)ဧက အတွက် ထုတ်ချေးငွေကျပ်(၁၂၇၆)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)