ဂန့်ဂေါ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရေကြီးခြင်းဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များကို သိရှိစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များပူးပေါင်း၍ ယမန်နေ့ညနေ ၃ နာရီအချိန်က ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်တောင်ပိုင်းရှိ လောင်ထောင်ချောင်းဘေးမှနေအိမ်များသို့ သွားရောက်၍ ရေဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှဦးစီးအရာရှိ ဦးရှိုင်းသူနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ရေဘေးအန္တရာယ်နှင့်ပတ်သက်သည့် ပြည်သူများ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် အရေးပေါ်ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များပါဝင်သည့် ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် (၁၀၀)စောင်ကို အခမဲ့ဖြန့်ဝေပေးကာ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း