ကယားပြည်နယ်ဝန်ကြီးချုပ် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၂၄

ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်က လွိုင်ကော်မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများ၊ ဘီလူးချောင်း ရေဝင်ရောက်မှုအခြေအနေများ၊  မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ မင်းကျောင်းကန် အမှတ်(၄)နှင့် အမှတ်(၅)ကန်များအတွင်း ရေဝင်ရောက်မှုအခြေအနေများ၊ ကန်ရေပြည့်မှတ်ကျော်လွန်၍ ရေပိုများအား ရေနုတ်မြောင်းများမှတစ်ဆင့် ဘီလူးချောင်းအတွင်း ရေထုတ်လွှတ်မှုအခြေအနေများအားလည်းကောင်း၊ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဒေါနိုးကူးနှင့် နမ့်ကွတ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန် ရေနုတ် မြောင်းများဆောင်ရွက်ထားရှိမှုနှင့် နမ့်ကွတ်ရေစက်ရုံမှ မြို့ပေါ်ရပ်ကွက် ၄ ခုသို့ ရေပေးဝေနေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလပြီးစီးရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များ အသင့်စုဖွဲ့ပြင်ဆင်ထားရှိရေး၊ ရေထိန်းတံခါးများ စနစ်တကျထည့်သွင်းတည်ဆောက်ရေး စသည်တို့ကို တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ လွိုင်ကော်မြို့၊ ဘီလူးချောင်းရေမြင့်တက်၍ ရေတိုက်စားခြင်းမှကာကွယ်နိုင်ရန် လောပိတလမ်းတစ်လျှောက် မြေထိန်းနံရံတည်ဆောက်နေမှုများနှင့် ကမ်းနားတစ်လျှောက်ရှိ လျှပ်စစ်မီးကြိုးများ၊ ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ပြင်ဆင်ဆောင်ရွက်နေမှုများအားလည်းကောင်း၊ မြို့လယ် ကန္ဒရဝတီတံတားတွင် ဘီလူးချောင်း ရေအမှတ် တိုင်းတာထားရှိမှုနှင့် ရေဝင်ရောက်မှုအခြေအနေများ၊ ရှမ်းစုရပ်ကွက်အတွင်း ဘီလူးချောင်းရေ မြင့်တက်ဝင်ရောက်နိုင်သည့် အနိမ့်ပိုင်းနေရာတွင် ရေထိန်းနံရံများ တည်ဆောက်နိုင်မည့် အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်မှုကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဘီလူးချောင်း အနိမ့်ပိုင်း လိုအပ်သည့်နေရာများတွင် ရေထိန်းနံရံများ ပြုလုပ်နိုင်ရေး စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် နမ့်ကွတ်ရပ်ကွက်၊ ဓမ္မဝိသုဒ္ဓိ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဓမ္မာရုံအမိုးနှင့် မျက်နှာကြက်များ ပျက်စီးနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်မွမ်းမံပေးရန်နှင့် လျှပ်စစ်မီးနှင့် ရေရရှိရေးဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)