ထားဝယ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်း ဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ထားဝယ် ဇူလိုင် ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ (မြို့နယ်အဆင့်) မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးတင်ထက်နောင်က  ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးဖြစ်ကြောင်း၊ ထို့သို့ကျင်းပနိုင်ရေးအတွက် ထားဝယ်မြို့နယ်အတွင်း၌ မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် အသက် ၁၈ နှစ်ပြည့် လူဦးရေစာရင်းများအား သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်အထိ ပြန်လည်စိစစ်၍ လျာထားမဲရုံများအလိုက်မဲစာရင်း များပြုစုနိုင်ရေး ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များ၌ ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ပေးလျက်ရှိကြောင်း၊ ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် အီလက်ထရောနစ်စက်ကို အသုံးပြု၍ ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ကြောင်း၊ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ခြင်းအတွက် အချိန်ကြန့်ကြာမှုများ၊ ကိန်း ဂဏန်းလွဲမှားမှုများကို ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့် မဲရလဒ်များ ထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်၍ အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများလည်း မရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်း မြင်သာသည့် တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်ထားဝယ်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ ဦးသက်ထူးတင်က MEVM စက်အသုံး ပြုရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ် သရုပ်ပြမဲပေးခဲ့ကြသည်။

သင်တန်းတွင် နည်းပြ (၂၀) ဦးက သင်တန်းသား (၁၂၀) ဦးအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာများအား ဇူလိုင် ၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်ပြီး ဇူလိုင် ၂၈ ရက်နေ့နှင့်  ၂၉ ရက်နေ့ များတွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)