ပခုက္ကူမြို့၌ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်ပစ္စည်းများ ဘေးကင်းလုံခြုံရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြရေး တွေ့ဆုံဆွေးနွေး

ပခုက္ကူ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းပြီး အဆင်ပြေချောမွေ့စွာဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့ပေါ်ရပ်ကွက်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား ခရိုင်စားသုံးသူရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဠုအောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တိုက်ရိုက်ဝယ်ယူသုံးစွဲသူပြည်သူများ၏အခွင့်အရေးနှင့် တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ ကုန်ပစ္စည်းများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရစေရေးနှင့် စားသုံးသူပြည်သူများ စိတ်ကြိုက်ရွေးချယ်ဝယ်ယူသုံးစွဲနိုင်စေရေး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိရေးအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းအမျိုးအစားများအလိုက်ထုတ်လုပ်၍ လက်လီလက်ကားစနစ်ဖြင့် ဖြန့်ချီရောင်းချနေမှုများ၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများအကြောင်းတို့ကို ပြန်လည်ဆွေးနွေးမှုများအပေါ် လက်ထောက်ညွှန်ကြားရေးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်ရရှိသော လုပ်ငန်းရှင်များအား ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)