ကန့်ဘလူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံဧက နှစ်သိန်းကျော် စိုက်ပျိုးပြီးစီး

ကန့်ဘလူ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ပဲစင်းငုံ၊ စွန်တာပြာ ၊ထောပတ်ပဲနှင့်အခြားပဲ ၂၀၉၃၅၇ ဧက လျာထားပြီး ဧပြီ၊ မေက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၂၀၇၃၀၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကန့်ဘလူမြို့နယ်မှာ မိုးသီးနှံပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် ၉၉ ဒသမ ၀၂ ရာခိုင်နှုန်း စိုက်ပျိုးပြီးပါပြီ။သီးနှံများစိုက်ပျိုးရာမှာ ပန်တိုင်အထွက်နှုန်းထွက်ရှိအောင် မြေဆီလွှာ အာဟာရဖြည့်တင်းခြင်းလုပ်ငန်းအနေနဲ့ သဘာဝမြေဩဇာဖော်စပ်အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာကာ မြေဆီလွှာအာဟာရကို ဖြည့်တင်းဆောင်ရွက်ခြင်း၊ တောင်သူတွေ တစ်ပိုင်တစ်နိုင်ထုတ်လုပ်သုံးစွဲနိုင်တဲ့ စူပါဘိုကာရှီမြေဆွေးအလွယ်တကူ ဖော်စပ်နည်းတွေကို လက်တွေ့ပြုလုပ်ပြသခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ရေလိုအပ်ချက်နည်းတဲ့ ပဲမျိုးစုံသီးနှံတွေ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ ပဲမျိုးစုံအ ရည်အသွေးကောင်း ရရှိရေး၊ နောက်ဆုံးပေါ် နည်းပညာတွေကို ရယူသုံးစွဲနိုင်ရေးနဲ့ စျေးကွက်ဝင်ပဲမျိုးစုံသီးနှံတွေကို စိုက်ပျိုးကြဖို့ကိုလည်း စည်းရုံးဆောင်ရွက်လျက်ရှိပါတယ်”ဟု ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က ပြောသည်။

ကန့်ဘလူမြို့နယ်၌ မိုးသီးနှံများဖြစ်သည့် ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်း ၈၀၉၂၆ ဧက၊ ပဲစင်းငုံ ၁၂၃၃၆၆ ဧက၊ စွန်တာပြာ ၂၂၂၅ ဧက၊ ထောပတ်ပဲ ၇၇၇ ဧကနှင့်အခြားပဲ ၉ ဧက စုစုပေါင်း ၂၀၇၃၀၃ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း