ကျွန်းလှမြို့နယ်၌ အောင်နိုင်တိုး စပါးမျိုး (YSR – 1) မျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုး

ကျွန်းလှ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အောင်နိုင်တိုး စပါးမျိုး (YSR – 1) မျိုးစေ့ထုတ်စံပြကွက်ကို ယနေ့နံနက်က ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူ ဦးသန်းထိုက်၏ လယ်မြေ()ဧက၌ စိုက်ပျိုးကြောင်း သိရသည်။

 “အောင်နိုင်တိုး စပါးမျိုး (YSR – 1)ကို မြန်မာနိုင်ငံမှာ မျိုးထုတ်လုပ်ခဲ့ပါတယ်။ ကျွန်းလှမြို့နယ်မှာ မျိုးစေ့ထုတ်လုပ်ဖို့အတွက် စတင်စိုက်ပျိုးတာဖြစ်ပါတယ်။ စပါးမျိုးရဲ့ထူးခြားကောင်းမွန်တာက သက်လျက်၊ သက်လတ်စပါးမျိုးဖြစ်ခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း၊ စားသုံးမှုကောင်းခြင်း၊ ဆန်သားကြည်လင်းခြင်း၊ ဂုတ်ကျိုးရောဂါနှင့် ဖြုတ်ညိုပိုးဒဏ် အသင့်အတင့်ခံနိုင်ခြင်းနဲ့ နွေးမိုးစိုက်ပျိုးနိုင်ပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

 အဆိုပါ စပါးမျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ပညာပေးခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျအချိန်ကိုက်သုံးစွဲရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပေးသည်။

ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြကြောင်း ယခုနှစ်မိုးရာသီမိုးစပါးစိုက်ပျိုးရန် ၃၄၀၉၇ ဧကလျာထားပြီး လက်ရှိအချိန်ထိ ၇၅၈၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ