ခန္တီးမြို့၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရှာဖွယ်ကယ်ဆည်​ရေးဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းဆောင်ရွက်

ခန္တီး ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်မီးသတ်ဦးစီးဌာနက ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိလာစေရန်၊ ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရွက်ရမည့်အချက်များ သိရှိလာစေရန်နှင့် မိမိတို့ကိုယ်တိုင် ပါဝင်ကူညီဆောင်ရွက်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရှာဖွေကယ်ဆည်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဆင်သေ)၊ ယမုံနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ဆင်သေ)မှ ကျောင်းအုပ်ဆရာကြီး ဦးစောသီဟဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏ်မြင့်က မိတ်ဆက်စကားပြောကြားကာ ခန္တီးခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သူက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခန္တီးခရိုင်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကိုလင်းက ငလျင်ဘေးအန္တရာယ်မဖြစ်ပေါ်ခင် ကြိုသင့်ဆောင်ရွက်ထားသင့်သည်များ၊ ကျရောက်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ ဘေးအန္တရာယ်ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် ကျောင်းဆရာ/မ၊ ကျောင်းသား/သူ(၃၀၀)ဦးက စိတ်ဝင်တစားနားထောင်ခဲ့ကြသည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက ရှာဖွယ်ကယ်ဆည်ရေးလုပ်ငန်းဆောင်ရွက်မှုများအား လက်တွေ့သရုပ်ပြသခဲ့ရာ ကျောင်းသား/သူလေးများလည်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)