မြောင်းမြမြို့တွင် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်

မြောင်းမြ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့ပေါ်ရပ်ကွက်များ၌ မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၂း၀၀) နာရီအချိန်က အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းဘေးဝဲ/ယာ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လမ်းဘေးဝဲ/ယာ ရေစီးရေလာ ကောင်းမွန်ရေးအတွက် Backhoe ဖြင့် မြေသားရေနုတ်မြောင်းတူးဖော်ခြင်းနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်းကို လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင်မြို့ပေါ်ရပ်ကွက် (၁၆) ရပ်ကွက်ရှိပြီး ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုမရှိစေရေး၊ ပလပ်စတစ်သုံးစွဲမှုလျော့ချရေးစသည့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)