ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာစီစာကုံးရေးသားနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကြံခင်း ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာစီစာကုံးရေးသာနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ Book Club အဖွဲ့ဝင်စာရေးဆရာ မိုးမြေသစ္စာက သင်တန်းဆင်းပွဲအမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က သင်တန်းများ ဖွင့်လှစ်ပေးရခြင်း ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် ထူးချွန်သင်တန်းသားများအား သင်တန်းနည်းပြဆရာ စာရေးဆရာ မိုးမြေသစ္စာနှင့် မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်တို့က အမှတ်တရလက်ဆောင်များအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာတွေ့လက်တွေ့ဖြင့် နံနက် ၇ နာရီမှ ၈ နာရီအထိလည်းကောင်း၊ ညနေ ၄ နာရီမှ ၅ နာရီအထိ သင်ကြားပို့ချပေးခဲ့သည်။

သင်တန်းသား၊ သင်တန်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတရသစာအုပ်စာစောင်စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း