ဘိုကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲသည့်သစ်ပင်အား မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားရှင်းလင်း

ဘိုကလေး ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ကန်ကောက်ရေကန်အနီးတွင် ဇူလိုင်(၂၃)ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုကြောင့် ဗာဒံပင်ပြိုလဲခဲ့ပြီး လမ်းမပေါ်ပိတ်ဆို့နေသဖြင့် ယနေ့နံနက် (၇) နာရီခန့်တွင် မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ရှင်းလင်းဖယ်ရှားရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၁၃)ဦးက သွားရောက် ကူညီရှင်းလင်းခြင်းဖြစ်ပြီး ပြိုလဲကျခဲ့သော ဗာဒံပင်သည် လုံးပတ်(၃)ပေ၊ အမြင့်ပေ(၂၀) ခန့်ရှိကြောင်း၊ ယခုအခါ ပြိုလဲသစ်ပင်အား အပြီးသတ်ဖယ်ရှားနိုင်ခဲ့သဖြင့် ယာဉ်သွားယာဉ်လာများ ပုံမှန်အတိုင်း ဆက်လက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)