ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ကန်သုံးဆင့်တွင်ပြုလုပ်သည့် သဘာဝရေပြင်ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်

ပုသိမ် ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့်တွင် သဘာဝရေပြင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ပြီး ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

ဦးစွာအခမ်းအနားမှူးက ငါးမျိုးစိုက်ထည့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသည့်ဧည့်သည်တော်များက ကန်သုံးဆင့် သဘာဝရေပြင်အတွင်း ငါးခုံးမကြီးကောင်ရေနှစ်သိန်းနှင့် ငါးမြစ်ချင်းကောင်ရေနှစ်သိန်း တို့အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ဒေသခံ ပြည်သူများ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည် စားသုံးနိုင်ရန်၊ သား/ငါးပေါများစေရန်၊ ငါးမျိုးစိုက်ထည့်သော ငါးသားပေါက်များ ရှင်သန်နှုန်း ပိုမိုကောင်းမွန်စေရန်ရည်ရွယ်၍ မြစ်ကြီးများ၊ သဘာဝမြစ်၊ချောင်း၊ အင်းအိုင် ၎င်းတို့နှင့်ထိစပ်လျက် ရှိသည့် မြစ်ဖျား၊ ချောင်းဖျား၊ ချောင်းလက်တက်များနှင့် ဆည်၊ ရေလှောင် တမံ၊ ကန်များအတွင်းသို့ (၂)လက်မအရွယ် ငါးသားပေါက်ကောင်ရေ (၇၅.၈) သိန်းအား ငါးမျိုးစိုက်ထည့်သွားမည်ဖြစ်ပြီး ၅၇.၄၆ သိန်း မျိုးစိုက်ထည့်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကန်သုံးဆင့်ကန် ကန်သုံးဆင့်ပန်းခြံ သာယာလှပရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိသည့် မြေနေရာများတွင် ပန်းခြံဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ခြုံနွယ်များမရှိစေရေးအတွက် ရှင်းလင်း ဆောင်ရွက်ရေး၊ မြက်ခင်းများစိုက်ပျိုးရန်နှင့် ရာသီအလိုက်ဖူးပွင့်ဝေစာသည့် သစ်ပင်ပန်းမာန်များကို စိုက်ပျိုးရေး၊ ကန်ပတ်လမ်းတစ်လျောက် အမှိုက်ကင်းစင်ရေး၊ အမှိုက်ပုံးများထားရှိ၍ အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးတို့ကို မှာကြားခဲ့သည်။

လှမင်းထွဋ်