မုံရွာ ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတက် ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းဥက္ကဋ္ဌ၊ ဒေါ်မူမူဝင်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီးအမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး အသင်းဒု-ဥက္ကဋ္ဌ၊ ဦးမြင့်အောင်က ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးလက်ကျန်ရှင်းတမ်းဖတ်ကြားခြင်း၊ အသင်းသားများမှ အကြံပြုဆွေးနွေးတင်ပြခြင်းနှင့် ဆွေးနွေးတင်ပြချက်များအပေါ် အသင်းအမှုဆောင်အဖွဲ့တာဝန်ရှိသူတို့က ပြန်လည်ဖြည့်စွက်ရှင်းလင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းအား တက်ရောက်လာကြသူများမှ ကန့်ကွက်ရန်မရှိသည့်အတွက် သဘာပတိက အတည်ပြုဆုံးဖြတ်ပေးခဲ့ပြီးနောက် နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ဌာနဆိုင်ရာ(၃၇)ဌာနမှ အသင်းသားကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အသင်းသားများ၏ စုဆောင်းငွေပေါ် အတိုးအား (၆) လတစ်ကြိမ်ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကျပ် (၂၆.၃၁) သိန်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် ကျပ် (၁၁၂.၁၂) သိန်း ထုတ်ပေးနိုင်ခဲ့ပြီး အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ အသင်းသားများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)