ဖျာပုံ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံမြို့နယ် အ.ထ.က (ကျုံတာ) ချယ်ရီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ နှင့် နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများနှင့် လူတော်၊ လူကောင်းများဖြစ်လာစေရန် ၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး အ.ထ.က(ကျုံတာ)မှ ဆရာဦးတင်မောင်သန်းက စကားဝိုင်းကျင်းပပြုလုပ်ပေးမှု အပေါ် ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်နှင့် အ.ထ.က(ကျုံတာ)မှ အထက်တန်းပြဆရာကြီး ဦးတင်မောင်သန်းတို့က ဆောင်ရွက်ပြီး Grade-11 မှ မောင်မိုးအောင်က မျိုးချစ်စိတ်ဓာတ်နှင့်ယနေ့လူငယ်၊ မောင်သူရနိုင်က အချိန်၏တန်ဖိုး၊ မသိမ့်သိမ့်ဆွေက ကျောင်းသားနှင့်အားကစား၊ Grade-10 မှ မယုဇနက ကျောင်းသားနှင့် စာအုပ်စာပေ ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ဖြေကြားပြီးနောက် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းစုပေါင်းဒို့ကာကွယ်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်