ဂန့်ဂေါမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဂန့်ဂေါ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ မိုးရာသီကာလတွင်အဖြစ်များသော သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့ဝင်များက ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်အတွင်းရှိ နေအိမ်များသို့ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုးရာသီကာလ၌ ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းပေါက်ပွားမှုမှကာကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သောဘူးခွက်များ၊ ရေပုံးရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီ၊ ကျောက်စည်ပိုင်း၊ အုတ်ရေကန်များအတွင်းသို့ အဘိတ်(abate)ဆေးခတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်စန်းစန်းထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အလားတူမြို့ပေါ်ရှိရပ်ကွက်များရှိ လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့်ဌာနဆိုင်ရာရုံးများတွင်လည်း အဘိတ်(abate)ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မျိုးမင်း