နတ်မောက် ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း(စာထောက်-၃)က ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် ထူးချွန်ထက်မြက်သူများဖြစ်လာစေရန် ရည်ရွယ်၍ ဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အသိဉာဏ်ပညာကို ဖြစ်စေမယ့် စာအုပ် စာပေ၊ လောကဗဟုသုတများကို လေ့လာသင်ယူကြစေလိုကြောင်း၊ လူငယ်များအတွက် ပညာရေးဟာ အဓိကရည်းမှန်းချက်ဖြစ်ပါကြောင်း၊ လောကနီတိမှာ လူတစ်ယောက်ရဲ့ဘဝကို (၃)ပိုင်းခွဲခြားထားပြီး ပထမအရွယ်မှာပညာရှာ၊ ဒုတိယအရွယ်မှာဥစ္စာရှာ၊ တတိယအရွယ်မှာ တရားဘာဝနာရှာဆိုပြီး ညွန်းထားတာကြောင့် ပထမအရွယ်ဖြစ်တဲ့ သားတို့သမီးတို့အနေနဲ့ ပညာကိုကြိုးစားသင်ယူစေချင်ပါကြောင်းနှင့် မိမိရည်မှန်းထားတဲ့ဘဝများ ပိုင်ဆိုင်ရန်အတွက် ကျောင်းစာကို သင်ယူနေကြပြီး ပြင်ပဗဟုသုတများကို လေ့လာစေချင်ပါကြောင်းနှင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှဝင်း