ရေနံချောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိ

ရေနံချောင်း ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဇီဝဆိုင်ရာအချက်လက်(Biometric)ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ဇူလိုင် ရက်နေ့မှစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၄ ရက်နေ့အထိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၁၅၁ ဦးအား UID နံပါတ်များထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဇော်၏ ဦးဆောင်မှုကြီးကြပ်မှုဖြင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ဇီဝဆိုင်ရာအချက်လက်(Biometric)ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်း၊ လိုအပ်သည့်ကိုယ်ရေးအချက်အလက် ထည့်သွင်းခြင်းလုပ်ငန်းများကို မြို့နယ်ဦးစီးမှူးရုံးနှင့် ရုံးသို့မလာရောက်နိုင်သည့် နာတာရှည်ရောဂါသည်များအား အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါရုံး တာဝန်ရှိသူထံမှ သိရသည်။

 နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာထုတ်ယူရာတွင် လူပုဂ္ဂိုလ်စိစစ်မှုအား တိကျမှန်ကန်မြန်ဆန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်ကာ ခေတ်မီနည်းပညာအသုံးပြု၍ စိစစ်ဆောင်ရွက်နိုင်ရန်အတွက် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ကိုစိုးကြီး(ရေနံမြေ)