မြဝတီမြို့နယ်အတွင်း သောင်ရင်းမြစ်ရေ ဝင်ရောက်မှုကြောင့် မြေနိမ့်ပိုင်းရှိ အိမ်ထောင်စုများ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း

မြဝတီ  ဇူလိုင် ၂၄

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် သောင်ရင်းမြစ်ရေချိန်သည် (1131 cm) စိုးရိမ်ရေအမှတ် (963 cm) သို့ရောက်ရှိနေပြီဖြစ်သည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်လျက်ရှိကြသည့် အိမ်ထောင်စုများမှာ ယမန်နေ့ ညနေ ၄ နာရီမှ စတင်၍ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ပြောင်းရွှေ့ခိုလှုံလာသည့် အိမ်ထောင်စုများအား မြဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှပူးပေါင်း၍  ကြခတ်တော၊ ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၂၇ စု၊ ကျား ၅၁ ဦး၊ မ ၄၆ ဦး၊ တောရ ကယ်ဆယ်ရေးစခန်းတွင် အိမ်‌ထောင်စု ၃၂ စု၊ ကျား ၇၀ ဦး၊  မ ၇၇ ဦး၊ ကိုးနဝင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၅၈ စု၊ ကျား ၁၀၇ ဦး၊ မ ၁၂၃ ဦး အိမ်ထောင်စု စုစုပေါင်း ၁၁၇ စု၊ ကျား ၂၂၈ ဦး၊ မ ၂၄၆ ဦး စုစုပေါင်း ၄၇၄ ဦးအား ပြောင်းရွှေ့ပေးလျက်ရှိပြီး ရေဘေးရှောင် ပြည်သူများအား ဆန်၊ ဆီ၊  ငါးသေတ္တာ ထောက်ပံ့ပစ္စည်းများအား အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းကော်မတီမှ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်းနှင့်  ရေဘေးသင့်ပြည်သူများမှ အချိန်နှင့်တစ်ပြေးညီ ပြောင်းရွှေ့နေထိုင်နိုင်စေရန်အတွက် ကယ်ဆယ်ရေးစခန်း (၁၁) ခုအား ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ဆောင်းနှင်းဖြူ