မင်းဘူး ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အခြေပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့မကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က စာအုပ်၊ စာပေများ ဖတ်ရှုရခြင်းကြောင့် အကျိုးကျေးဇူးများရရှိခြင်းနှင့် မင်းဘူးခရိုင် ပြည်သူ့စာကြည့်တတိုက်တွင် ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ဝတ္ထု၊ ဆောင်းပါး၊ ရုပ်ပြများပါမကျန် ဝင်ရောက်ငှါးရမ်းဖတ်ရှုလေ့လာနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာတို့ကို ရှင်းလင်းပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)