ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တနင်္သာရီတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

ထားဝယ် ဇူလိုင် ၂၄

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တနင်္သာရီတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ရှေးဦးအရွယ် ကလေးသူငယ်များအနေဖြင့် ကလေးဖွံ့ဖြိုးမှု (၅)ရပ်ဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုရေးဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ အသိဉာဏ်ဆိုင်ရာဖွံ့ဖြိုးမှုများ ရရှိအောင်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအားလုံးသည် တစ်ခုနှင့်တစ်ခုဆက်စပ်မှုရှိသဖြင့် ဖွံ့ဖြိုးမှုအားလုံးဟန်ချက်ညီညီ ဖွံ့ဖြိုးရန်လိုအပ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်လာပါက အသိပညာပေးခြင်း၊ နည်းပညာအကူအညီပေးခြင်း၊ စီမံခန့်ခွဲခြင်း၊ ECCD ဝန်ဆောင်မှုပေးသည့်ဌာန၊ အဖွဲ့အစည်းများကို စစ်ဆေးကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တက်ရောက်လာကြသော အဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီး အတွင်းမှာရှိသည့် ရှေးဦးအရွယ်ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်ပြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့် ဝန်ဆောင်မှုများ၊ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ဝင်များက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးကာ  ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)