လွိုင်ကော် ဇူလိုင် ၂၃
ကယားပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာနေထိုင်ရာမှ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်သူများအား အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများ လတ်တလောစားသောက်မှု အဆင်ပြေစေရန် ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များကို ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများ မိမိတို့၏ နေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေး စနစ်တကျဆောင်ရွက်ပေးနေပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်သူများသောက်သုံးရေနှင့်လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်စုံစေရေး၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာသာသနာကိစ္စများ ဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်၏လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိသလို နေရပ်ပြန်ပြည်သူများအနေဖြင့် အရှိန်အဟုန်ဖြင့် မိမိတို့၏ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဝင်ရောက်နေထိုင်သည့် ထေးသမနှင့် မိုင်းလုံးရပ်ကွက်ရှိ ပြည်သူများအား ဆန်၊ ဆီ အခြေခံစားသောက်ကုန်များကိုပေးအပ်ရာ ရပ်ကွက်ပြည်သူကိုယ်စားလှယ်များက လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒေါဥခူ၊ နောင်ယား(က)၊ နောင်ယား(ခ)၊ နာနတ်တော ရပ်ကွက်များရှိ ပြည်သူများအတွက် ဆန်၊ ဆီ အခြေခံစားသောက်ကုန်များကို အသီးသီးပေးအပ်ကြရာ သက်ဆိုင်ရာကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပြီး ပြည်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ပြည်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး၊ လျှပ်စစ်မီးနှင့် ရေရရှိရေးတို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပေးမည့်အခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
ယခု အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာရာမှ လွိုင်ကော်မြို့ ရပ်ကွက်များအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူ(၇၄၄)ဦးအတွက် ဆန်(၁၈၆)အိတ်နှင့် ဆီ(၃၇၂)ပိဿာပေးအပ်ခဲ့ပြီး တတိယအကြိမ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)