လွိုင်ကော် ဇူလိုင် ၂၃
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၌ ပညာသင်ကြားနေသည့် လူငယ်များအား နေ့စဉ်အသုံးပြုလျက်ရှိသော ဆပ်ပြာအမျိုးမျိုး၏ ထုတ်လုပ်မှုနည်းပညာများကို သိရှိစေရန်နှင့် ပညာသင်ကြားသည့်ကာလ ပြီးဆုံးပါက အတန်းပညာအပြင် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုရရှိစေပြီး ယင်းတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဇူလိုင်လ ၂၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
အခမ်းအနား၌ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ်အတွင်း ကျောင်းပညာသင်ကြားနေသော ကလေးများအား အတန်းပညာအပြင် အတတ်ပညာတစ်ခုရရှိစေရန်၊ ကျောင်းပြင်ပရောက်ရှိနေသော ကလေးများအား အသက်မွေးဝမ်းကျောင်းပညာတစ်ခုရရှိ၍ မိမိဘဝရပ်တည်နိုင်ပြီး မိသားစုဝင်ငွေတိုးတက်စေရန်နှင့် လူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ လူတို့ နေ့စဉ်အသုံးပြုလျက်ရှိသည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို တက်ရောက်သင်ကြားပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ခန်းစာကို လက်တွေ့ပြန်လည်အသုံးချမည်ဆိုပါက ကုန်ကျစရိတ်များ သက်သာလာနိုင်ခြင်း၊ မိမိကိုယ်တိုင် တစ်ပိုင်တစ်နိုင်ထုတ်လုပ်လာနိုင်၍ မိမိဘဝရပ်တည်ရေးနှင့် မိသားစုဝင်ငွေတိုးတက်လာနိုင်သည့်အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသစ်များ ထူထောင်လာနိုင်ပါက ကယားပြည်နယ်အတွင်း၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်လာမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူမှုရေးရာဝန်ကြီးက သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို သင်တန်းသား၊ သင်တန်းသူများထံပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၅) ရက်ဖြစ်ကြောင်း သိရသည်။
ကိုတွတ် (ပြန်/ဆက်)